International News

ထိုင်းနိုင်ငံရှိ ဟွန်ဒါကုမ္ပဏီအနေဖြင့် ပြည်တွင်းဈေးကွက်အတွက် ထုတ်လုပ်မှုတိုးမြှင့်ရန် စီစဉ်နေခြင်း

Last Updated:

ဘက်စုံသုံးအင်ဂျင် ထုတ်လုပ်ဖြန့်ဖြူးသည့် ထိုင်းနိုင်ငံ၏ ဟွန်ဒါကုမ္ပဏီအနေဖြင့် ပြည်တွင်းဈေးကွက်အတွက် ဖြည့်ဆည်းနိုင်ရန် ၂၀၂၆ ခုနှစ်အတွင်း (၃၀၀,၀၀၀) ယူနစ် ထုတ်လုပ်မှုတိုးမြှင့်ရန် စီမံထားကြောင်း သိရှိရပါသည်။ ကုမ္ပဏီ၏ ဝယ်လိုအားမှာ တိုးတက်လျှက်ရှိနေကြောင်း၊ ၎င်းမှာ ကောင်း မွန်သော စီးပွားရေးအလားအလာဖြစ်ကြောင်း ဟွန်ဒါ၏ အထွေထွေလုပ်ငန်းမန်နေဂျာ Sampan Kwanjai က ပြောကြားခဲ့ပါသည်။

အမေရိကန်နှင့် အီးယူတို့၏ ဝယ်လိုအားများ တိုးတက်လာမှုကြောင့် ၂၀၂၁ ခုနှစ်အစောပိုင်းတွင် ကုမ္ပဏီ၏ ဝယ်လိုအားအနေဖြင့် ပြန်လည်နာလန်ထူ ကောင်းမွန်လာကြောင်း ၎င်းက ပြောကြားခဲ့ပါသည်။

ဟွန်ဒါကုမ္ပဏီ၏ ထုတ်ကုန်များအား (၈) ပိုင်းခွဲခြားထားကြောင်း၊ အထွေထွေသုံးအင်ဂျင်များ၊ ဂျင်နရေတာများ၊ ရေပန့်များ၊ backpack sprayers၊ brush cutters ၊ lawn mowers ၊ outboard engines နှင့် power rtillers တို့ဖြစ်ကြောင်း သိရှိရပါသည်။ ဟွန်ဒါအနေဖြင့် လက်ရှိတွင် ပြည်တွင်း ဈေးကွက်အတွက် ၎င်း၏ ထုတ်ကုန်များအား (၂၂၀၀၀၀- ၂၃၀၀၀၀) အထိ ရောင်းချလျှက်ရှိနေကြောင်း၊ ကုမ္ပဏီအနေဖြင့် နောက်ထပ်ဖြန့်ဖြူးရေး လမ်းကြောင်းသစ်များနှင့် ဝယ်ယူပြီးနောက်ပိုင်း ဝန်ဆောင်မှုသစ်များဖြင့် ထိုင်းပြည်တွင်းဈေးကွက်အား ထပ်မံထိုးဖောက်ရန် စီစဉ်နေကြောင်း သိရှိရပါသည်။
ဟွန်ဒါအနေဖြင့် ပြည်တွင်းဈေးကွက်အတွက် ထုတ်လုပ်မှုအား (၇% - ၁၀%) တိုးမြှင့်ရန် စီစဉ်နေကြောင်း၊ တစ်တိုင်းပြည်လုံးတွင် ကွန်ယက်များ ချိတ်ဆက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။ ကုမ္ပဏီအနေဖြင့် ၎င်း၏ ထုတ်ကုန်များကို အမေရိကန်နှင့် အီးယူအပါအဝင် နိုင်ငံပေါင်း (၅၃) နိုင်ငံသို့ တင်ပို့လျှက်ရှိကြောင်း၊ ဟွန်ဒါအနေဖြင့် ၎င်း၏ ထုတ်ကုန်ယူနစ် (၃၉) သန်းကို ကမ္ဘာတစ်လွှားသို့ တင်ပို့ခဲ့ကြောင်း သိရှိရပါသည်။

ဟွန်ဒါအနေဖြင့် ၎င်း၏ Power Products ဖြစ်သည့် ဘက်စုံသုံးအင်ဂျင် (Multi-purpose engines) များအား ကမ္ဘာ့အမြန်ဆုံးနှင့် အကြီးမားဆုံး ထုတ်လုပ်မှုအခြေစိုက်စခန်းဖြစ်စေခဲ့ခြင်းဖြင့် ၎င်း၏နေရာ (Position) ကို ပိုမိုခိုင်မာအားကောင်းစေခဲ့ကြောင်း၊ ယခုအချိန်အထိ အဆိုပါ ဘက်စုံသုံး အင်ဂျင် (၄၅) သန်းထုတ်လုပ်ခဲ့ပြီးဖြစ်ကြောင်း၊ ၎င်းတို့အား ၁၉၈၇ ခုနှစ်တွင် စတင်ထုတ်လုပ်ခဲ့ပြီး ထိုင်းနိုင်ငံအား ထုတ်လုပ်မှုအခြေစိုက်စခန်းနှင့် ပို့ကုန်ဗဟိုချက် ဖြစ်စေခဲ့ကြောင်း သိရှိရပါသည်။

ပိုမိုတိုးတက်လာသော ဝယ်လိုအားကို ဖြည့်ဆည်းနိုင်ရန်အတွက် ဟွန်ဒါအနေဖြင့် ထုတ်လုပ်မှုစွမ်းအားကို စဉ်ဆက်မပြတ် မြှင့်တင်ဆောင်ရွက်လျက်ရှိ နေကြောင်း၊ ထုတ်လုပ်မှုအမြန်နှုန်းအနေဖြင့် (၁၆) စက္ကန့်လျှင် ယူနစ်တစ်ခုထုတ်လုပ်နိုင်ကြောင်း၊ ၎င်းက ထုတ်ကုန် (၄၅) သန်းထုတ်လုပ်နိုင်ရေး အတွက် အဓိကကျသော အခန်း၌ ရှိနေကြောင်း သိရှိရပါသည်။

(လွင်မျိုးဇော်၊ ကုန်သွယ်ရေးဦးစီးဌာန)
Source: Bangkok Post

 

Category: International News